သထုံပျက်စီးခြင်း

You are currently viewing သထုံပျက်စီးခြင်း
  • Post category:Blog / History

သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာ (အနိရုဒ္ဓ) မင်းသည် သထုံပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီး မနုဟာမင်းကိုပေါက္ကံရာမပုဂံပြည်သို့ ခေါ်ဆောင်သွား၏။ ပိဋကတ် သုံးစုံနှင့်ကျမ်းဂန်တတ်ဆရာတော်များ၊ ပစ္စည်းဥစ္စာပါမကျန် ပုဂံပြည်သို့ယူဆောင်ခဲ့၏။
မနူဟာမင်းကားတန်ခိုးကြီးသည်ဟု ဆိုလေသည်။ စကားပြောသောအခါတွင်လည်း ခံတွင်းမှ အရောင်များထွက်နေသည်ဆို၏။ အနော်ရထာမင်းလည်း မနူဟာမင်းကို ပုဂံပြည်တွင်အကျဉ်းချထားလေ သည်။ မနူဟာမင်းလည်း ’’ငါသည် ဝိပါကဝဋ်ကြွေးကြောင်းဖြစ်သည်’’ဟု တွေးမိသဖြင့် အလှူဒါနပေးပြီး သီတင်းသီလဆောက်တည်လေသည်။ စေတီတစ်ဆူကိုလည်း တည်ထားကိုးကွယ်ခဲ့ရာ နောင်သောဘဝ တွင်သူတစ်ပါး၏ ကျွန်ဘဝမှလွတ်မြောက်ပြီး စည်းစိမ်ချမ်းသာရပါလိုကြောင်းဖြင့် ထိုစေတီတွင်အဓိဌာန်ပြု ဆုတောင်းခဲ့၏။ ထိုစေတီကိုမနူဟာစေတီဟု ခေါ်ခဲ့၏။ ပုံဂံညောင်ဦးမြို့နယ် မြင်းကပါရွာတွင်မနူဟာ စေတီကို ယနေ့တိုင်ဖူးမြော်နိုင်ပေသေးသည်။ စေတီတွင်းရှိဘုရားကို ကျပ်ကျပ်တည်းတည်း တည်ထားခဲ့ရာ မိမိမည်မျှကျဉ်းကျပ်စွာနေခဲ့ရကြောင်းကို နောင်လာနောက်သားအားသိစေလိုဟန်တူ၏။ ထိုအချိန်မှစ၍ ပအိုဝ်းမင်းဆက် ကွယ်ခဲ့သည်ဟုဆိုလေသည်။
ဦးကုလားမဟာရာဇဝင်ကြီး၊ ပထမအုပ် (စာမျက်နှာ ၁၈) တွင် ဤသို့ရေးသားဖော်ပြထား၏။
သုဝဏ္ဏဘုမ္မိတိုင်းအပါအဝင်သထုံပြည်တွင် ရှေးမင်းဆက်ပေါင်း ၁၅၀ အထိအုပ်ချုပ်ခဲ့၏။ ထိုမင်း ဆက်ပေါင်း ၁၅၀ အနက် ၁၄၇ ဆက်ကား ပအိုဝ်းမင်းဆက်ဖြစ်ပြီး သုံးဆက်သာလျှင်မွန်မင်းများဖြစ်သည်။ စာပေပုရပိုက်များအရ၊ ပအိုဝ်းများနေထိုင်ခဲ့သော သထုံပြညကိုအုပ်စိုးသော မနုဟာမင်းလက်ထက်၌ ဗုဒ္ဓ သာသနာအရောင်အတော်ပင် ထွန်းပြောင်နေချိန်ဖြစ်သည်။ ထိုမနူဟာမင်းမှာ ပအိုဝ်းမင်းဆက်ဖြစ်သည်ဟု ဆိုသည်။ ယင်းအချိန်တွင် သထုံပြည်တွင်ဗုဒ္ဓ၏ပရိယတ္တိ၊ ပိဋကတ်သုံးပုံရှိကြောင်း ရှင်အရဟံမှတစ်ဆင့် ပုဂံပြည်ရှင်အနော်ရထာမင်း ကြားသိတော်မှုသဖြင့် ပုဂံပြည်တွင်လည်းသာသနာအစစ်အမှန် ရောင်ဝါထွန်း စေလိုသောကြောင့် လူလွတ်၍ပိဋကတ်သုံးပုံကိုပင့်ဆောင်စေရာ အနုဟာမင်းက ငြင်းဆန်သဖြင့် သထုံပြည် သို့ စစ်ချီတိုက်ခိုက်တော်မှုသည်။
အနော်ရထာမင်း သထုံပြည်ကိုအောင်နိုင်တော်မှု၍ မင်းအဆက်ဆက်ကိုးကွယ်သော ရတနာပန်း ကောင်းဖြင့်ထားသော အမွေတော်မြတ်ကိုလည်း၊ အစုံသုံးဆယ်ရှိသော ပိဋကတ်တော်ကိုလည်းကောင်း ဆင်တော် ၃၂ စီးပေါ်တွင်တင်ဆောင် ယူတော်မှု၏။ သထုံပြည်ကို အနော်ရထာမင်း သိမ်းပိုက်ပြီးနောက် ပအိုဝ်းတို့သည် အေးချမ်းရာဒေသများကိုရှာဖွေကြသည်။
ပုဂံမပျက်မီ မြန်မာသမိုင်းစာအုပ်တွင် ’’မနူဟာကျောက်စာဟုခေါ်သော ကျောက်စာတစ်ချပ်၌ မနုဟာဘုရင်သည် အနိစ္စရောက်သည့်အချိန်ထိ ပုဂံတွင်သုံ့ပန်းအဖြစ်နေခဲ့ရကြောင်း ယင်း၏အဆက် အနွယ်များမှာလည်း ပုဂံ၌ပင်ဆက်လက်နေထိုင်သွားခဲ့ကြောင်း’’ ဖော်ပြထားသည်။ ထို့ကြောင့် မနုဟာနှင့် အတူပါသွားသော တောင်သူခေါ်ပအိုဝ်းတို့သည် ပုဂံသို့ရောက်ရှိနေထိုင်ခဲ့ကြဟု ဆိုနိုင်ပေသည်။