ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသောတိုင်းရင်းသားများ၏ မူလဒေသ ရင်းကား တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်းမြင့်ဒေသတွင် အနေကြာလာ သောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများကိုရှာဖွေ၍ ပြောင်းရွေ့ကြပြန် ၏။ ထိုသို့ပြောင်းရွေ့နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းများမှ တစ်ဆင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ပါသည်။
မြန်မာပြည်တွင်းသို့ အုပ်စုသုံးစုကွဲ၍ ဝင်ရောက်လာကြ၏။ ယင်းအုပ်စု သုံးစုမှာ —
(၁) မွန်ခမာအုပ်စု၊
(၂) တိဗက်မြန်မာအုပ်စု၊
(၃) ထိုင်းတရုတ်အုပ်စု တို့ဖြစ်သည်။
ယင်းအုပ်စုကြီးသုံးစုအနက် တိဗက်မြန်မာအုပ်စုတွင် ကချင်အုပ်စု၊ မြန်မာနှင့်ရှေးမြန်မာအနွယ် အုပ်စု၊ အလိုလိုမုဆိုးအုပ်စုဟူ၍ အုပ်စုသုံးစုခွဲကာ ဝင်ရောက်လာကြသည့် အချိန်ကာမတူကြပေ။
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ စာမျက်နှာ (၃၀) ၌ မြန်မာ ၇ မျိုးထဲတွင် မြန်မာ၊ ယော (ပရဲ)၊ ရခိုင်၊ ထားဝယ်၊ ပျူ၊ ကမ်းယံ၊ တောင်သူဟု ရေတွက်ထားသည်ကိုထောက်လျှင် တောင်သူအမည်ခံခဲ့သော ပအိုဝ်းသည် တိဗက်မြန်မာအုပ်စုတွင်ပါဝင်လိမ့်မည်ဟု ယူဆရသည်။ တိဗက်မြန်မာအုပ်စုတွင် မြန်မာ၊ သက်လိုလို၊ ကချင်၊ ချင်း၊ နာဂနှင့်ကရင်ဟု သတ်မှတ်ထား၏။ ပအိုဝ်းကိုကရင်အုပ်စုတွင်ထည့်သွင်းထား သောကြောင့် တိဗက်မြန်မာအစုပင်ဖြစ်သည်ဟု ယူဆဖွယ်ရာရှိသည်။
ဦးဖေမောင်တင် ပြုစုရေးသားသည့် ဘာသာလောကကျမ်းတွင် ’’တောင်သူ’’ ကား၊ လယ်ပြင် အစပ်တောင်တန်းတွင် တောင်ယာလုပ်သူ’’ ဟူ၍ ဖော်ပြထားသည်ကိုတွေ့ရပေသည်။ စာရေးဆရာ မောင်သော်ကလည်း ပြည်သူ့ကြယ်ဂျာနယ် စာ-၂၆ တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများဆောင်းပါးတွင် ’’တိဗက်မြန်မာအုပ်စုတွင် ပါဝင်သူများမှာ ဂဒူး၊ ထမန်၊ သက်၊ နာဂ၊ ချင်း၊ ကချင်၊ ဂျင်းဖော၊မြန်မာ၊ လရှီ၊ မိုင်းသာ၊ မွန်၊ ဓရု၊ အဇီ၊ အင်းသား၊ တောင်ရိုး၊ ဓနု၊ ယောချောင်းသားရခိုင်၊ ဗမာ (မြိတ်) ၊ ဗမာ(ထားဝယ်) ၊ပဒေါင်၊ ပအိုဝ်း၊ ကယား၊ ဗရဲ၊ ကရင်၊ လီသူး၊ ယောယင်၊ လားဟူ၊ ကော်၊ စသည့် လူမျိုးစုများပါဝင်ကြောင်း’’ ဖော်ပြထား၏။
ဗန်းမော်တင်အောင်၏ ’’ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း’’ စာမျက်နှာ ၂၀ တွင်—
’’ထိုင်းတရုတ်အနွယ်ဝင်များအနက် မြန်မာနိုင်ငံအတွင်းသို့ ရှေးအကျဆုံးဝင်ရောက်နေထိုင်သူများ ကရင်လူမျိုးများနှင့်အနွယ်ဝင်ဖြစ်သော ပအိုဝ်းတောင်သူလူမျိုးများပင် ဖြစ်ကြဖွယ်ရာရှိသည်ဟု ယုံကြည်စ ရာရှိလေသည်။ ယင်းပအိုဝ်းတောင်သူလူမျိုးများသည် ရှမ်းပြည်တောင်ပိုင်း ဒေသတစ်ဝိုက်နှင့်သထုံခရိုင် တွင် အခြေချနေထိုင်ခြင်းပြုကြလေသည်။ ပအိုဝ်းတောင်သူများနောက်မှ ကရင်လူမျိုးများနှင့်အနွယ်တူ လူမျိုးစုများသည် မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာကြပြီးလျှင် ကရင်နီတောင်တန်းဒေသတစ်ဝိုက်၊ သန်လျှင်ခရိုင်၊ ပဲခူးရိုးမနှင့်ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများတစ်ဝိုက်တွင် အစုစုကွဲကာအခြေချနေထိုင်ကြ လေသည်။’’ ဟုဖော်ပြထား၏။
အချို့သမိုင်းပညာရှင်များကလည်း ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း၏ အယူအဆနည်းတူ တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် ထိုင်းတရုတ်အုပ်စုမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ယိုးဒယားနွယ်သောတရုတ်အုပ်စု (ထိုင်းတရုတ်) (ဝါ) (တရုတ်ထိုင်း) တွင် ကရင်အုပ်စု၊ ရှမ်းအုပ်စုနှင့် အခြားအစုငယ်ကလေးများပါဝင်သည်။ ကရင်အစုတွင်ပါဝင်သော တိုင်းရင်းသားများမှာ စကော၊ ပကူး၊ ဘွဲ့၊ တောင်သူ၊ ကရင်ဖြူ၊ ပိုး၊ ကယား၊ (ကရင်နီ)၊ ပဒေါင်၊ ယင်းတော်၊ ဇယိန်၊ ယင်းတလဲနှင့် ကဲခိုတို့ ဖြစ်ကြ သည်။ ထို့ကြောင့်တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် ထိုင်းတရုတ်အုပ်စုတွင် ပါဝင်နေပေသည်။
ဆာဂျေဂျော့စကား (Sir J George Scott) မှတ်တမ်းအရလည်း ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းဘက်မှသာလျှင်မကဘဲ ယိုးဒယား၊ ကမ္မောဒီးယား မဲခေါင်မြစ်ဝှမ်းတောင်ပိုင်း ဒေသတွင်လည်း ပြန့်ကျဲနေထိုင်လျှက်ရှိကြောင်း ဖော်ပြထားသည်။
Major (Enrequeeze) မေဂျာအင်ကွိဇ် ပြုစုသည့် ”မြန်မာနိုင်ငံလူမျိုးများအကြောင်း” စာအုပ်တွေလည်းကရင်သည် ထိုင်းတရုတ်အနွယ်မှဆင်းသက်သည်ဟု ရေးသားထားလေသည်။ ”ကရင်ဘ ဝဓလေ့’’ စာအုပ်တွင် ပအိုဝ်းသည်ကရင်အနွယ်စုဖြစ်ပြီး ကရင်သည်ထိုင်းတရုတ်အုပ်စုမှ ဆင်းသက်လာသည်ဟု” ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် အထက်ပါပညာရှင် များ၏ယူဆချက်များကိုကြည့်လျှင် တောင်သူခေါ်ပအိုဝ်းတိုင်းရင်းသားတို့သည် တိဗက်မြန်မာအုပ်စုတွင် ပါဝင်သည်ဟုလည်းကောင်း အယူအဆကွဲပြားနေသည်။
မည်သို့ပင်ဆိုစေကာမှု မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးသည် တိဗက်ကုန်းမြေမြင့်မှ ပေါက်ဖွားဆင်းသက်လာသော မွန်ဂိုအနွယ်ဝင်များ ဖြစ်၏။ မူလလူမျိုးမှာ တစ်မျိုးတည်းသာလျှင်ဖြစ်ပေ
မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာခြင်း
မြန်နိုင်ငံအတွင်းသို့ဝင်ရောက်လာကြသည် တိုင်းရင်းသားလူမျိုးများအနက် မွန်လူမျိုးသည် ရှေးအကျဆုံးဖြစ်ဖွယ်ရာရှိသည်။ မွန်တို့သည်တရုတ်ပြည်အနောက်ပိုင်းရှိ ကုန်းပြင်မြင့်များမှတောင် ဘက်သို့ ဆင်းသက်လာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ၊ မဲနန်မြစ်ဝ၊ မဲခေါင်မြစ်ဝ၊ အရပ် ဒေသတို့၌ မြို့ရွာတည်ထောင်နေထိုင်ခဲ့ကြသည်။ မွန်လူမျိုးတို့၏ရှေးအကျဆုံးမြို့တော်မှာ သုဝဏ္ဏဘုမိ သထုံဖြစ်၏။ ပဲခူးဟံသာဝတီမှာ သထုံပြည်မှသွားရောက်၍ နောက်မှတည်ထောင်သောမြို့ဖြစ်လေသည်။
ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇဝင် ၊ စာမျက်နှာ ၂၃ တွင် “ဆာဂျွန်ဂျာဒင်းအလိုမှာ မွန်လူမျိုးတို့ မြို့ပြတည်ထောင်ရန်အတွက် ရှိနှင်ပြီးဖြစ်သောတောင်သူလူမျိုးတို့ကို နှင်ထုတ်ရသည်ဟုဆိုသည်။ သထုံမြို့ကား ယခုအခါ တောင်သူလူမျိုးတို့၏ အချက်အချာဒေသဖြစ်သည်။ သထုံရာဇဝင်တွင် သထုံ၌ တောင်သူပအူလူမျိုးမင်းများ စိုးစံကြောင်းဆိုသည်။ တောင်သူလူမျို့တို့သည်ရှေ့ကပုဂံနယ် ယခုပခုက္ကူ အပါ နယ်တွင်လည်းရှိကြသည်။”ဟု ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ကြောင်း ဆာဂျွန်ဂျာဒင်း၏ အယူအဆကိုလက်ခံလျှင် တောင်သူခေါ်ပအိုဝ်းလူမျိုးတို့သည် မွန်တို့ထက်စော၍ဝင်ရောက်လာကြသည် ဟူ၍ ယူဆဖွယ်ရာရှိလေသည်။
ဗန်းမော်တင်အောင်၏ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း၊ စာမျက်နှာ ၄၁ တွင်—
’’ရှေးဟောင်းမြန်မာနိုင်ငံတွင်းသို့ မောင်းဂွတ်အနွယ်လူမျိုးအသီးသီးတို့ ဝင်ရောက်လာကြသည့် အထည်တွင် ကရင်နှင့်ပအိုဝ်းလူမျိုးများသည် ရှမ်းနှင့်မြန်မာလူမျိုးများထက် ရှေးကျ၍ဝင်ရောက် နေထိုင်ခြင်းပြုခဲ့သည်ဟူ၍ သမိုင်းပညာရှင်များက ယုံကြည်ကြလေသည်။ သို့ရာတွင် မွန်လူမျိုးများထက် နောက်ကျသည်ဟု ယူဆကြသည်။’’ဟု ဖော်ပြထား၏။
ကမ္ဘာအေးအရှင်တိလောကသာရ လေ့လာရေးသားသည့် ’’ရှမ်းပြည်၊ ညောင်ရွေ၊ တောင်ကြီးသမိုင်းများနှင့်တကွ သယံဇာတ ကမ္ဘာ့တန်ဆာ မဟာပါသဏ မုံတဝလိုဏ်ဂူ စာအုပ်ငယ် တွင်လည်း၊ ’’ရှမ်းပြည်တောင်ပိုင်းတွင် ထင်ရှားထွန်းကားနေသော ပအိုဝ်း (တောင်သူ) လူမျိုးနှင့်အင်းသား တို့ကားနောက်ပိုင်းကျမှ ဝင်ရောက်လာကြသူများ ဖြစ်ကြ၏။’’ဟူ၍ ရေးသားထားသည်ကိုတွေ့ရ၏။ ထို့ကြောင်း ဆာဂျွန်ဂျာဒင်း၏ အယူအဆကလွဲလျှင် ပအိုဝ်းခေါ်တောင်သူလူမျိုးများသည် မွန်တို့ထက် နောက်ကျ၍ ဝင်ရောက်လာကြသည်ဟု ပညာရှင်များက ယူဆကြလေသည်။
တောင်သူခေါ်ပအိုဝ်းတိုင်းရင်းသားတို့သည် တရုတ်ကုန်းမြေဘက်မှ သံလွင်မြစ်ကြောင်းအတိုင်း တောင်ဘက်အရပ်ဒေသများသို့ တဖြည်းဖြည်းပြောင်းရွေ့လာကြ၏။ ၆ ရာစု လောက်တွင်ရှမ်းကုန်းပြင် မြင့်တောင်ပိုင်းဖြစ်သော ယခုခေတ် ကရင်နီတောင်တန်းဒေသများတစ်ဝိုက်တွင် အခြေချနေထိုင်ခြင်းပြုကြ လေသည် ။ ထိုမှတစ်ဖန် မြန်မာနိုင်ငံအတွင်းသို့ အစုစုကွဲလွဲ၍ပြန့်နှံ ဝင်ရောက်ခဲ့ကြပုံရလေသည်။ မူလက ကရင်လူမျိုးများသည် ကရင်နီတောင်တန်းဒေသ၊ သံလွင်ခရိုင်နှင့် ပဲခူးရိုးမတောင်များတစ်ဝိုက်တွင် နေထိုင် ကြဟန်ရှိ၏။ ပအိုဝ်းခေါ်တောင်သူလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် သထုံခရိုင်အတွင်း၌နေထိုင် ခဲ့ကြဟန်ရှိလေသည်။
ဆာဂျော့စကော့ကမှု ’’ကရင်၊ ပအိုဝ်း (တောင်သူ) နှင့်ရှမ်းတို့သည် တစ်မျိုးတစ်နွယ်တည်းဖြစ်ပြီး ရှမ်းလူမျိုးများထက် နှစ်ပေါင်းသုံးရာကျော်စော၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်ခဲ့ကြသည်’’ဟု ရေးသားဖော်ပြခဲ့သည်။ ဆာဂျော့စကော့၏အလိုမှာ ကရင်၊ တောင်သူ (ပအိုဝ်း) ရှမ်းတို့သည်တစ်မျိုး တစ်နွယ်တည်းဖြစ်ကြောင်းဖြင့် ဆိုလေသည်။
မည်သို့ဆိုစေကာမှု ပအိုဝ်းတိုင်းရင်းသားတို့သည် ၎င်းတို့၏မျိုးနွယ်စုများအလိုက် ရှေးဟောင်း စိုက်ပျိုးရေးကို အခြေခံကာသင့်တင့်လျောက်ပတ်သော အဖွဲ့အစည်းကလေးများကိုထူထောင်ပြီး အေးအေး ချမ်းချမ်းနေထိုင်ခဲ့ကြဟန် ရှိလေသည်။ ၎င်းတို့သည် မြန်မာနိုင်ငံမြေညီမြစ်ဝှမ်းအရပ်ဒေသများကို သူ့ထက်ငါ လုယက်တိုက်ခိုက်လျက် ရှိနေခဲ့ကြသော ပျူ၊ မွန်နှင့်မြန်မာလူမျိုးများကြောင်း တောတောင်များအတွင်း နေထိုင်ခဲ့ကြပြီးလျှင် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းဖြင့် အသက်မွေးခဲ့ကြပုံရလေသည်။ တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် တောတောင်များတွင် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြ သောကြောင့် တောင်သူဟုခေါ်ခဲ့ကြခြင်းဖြစ်ရသည်။